သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့
သွေးဆုံးချိန်မှာ အမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီလိုကာလမှာ ကိုယ်တွင်းမှာ ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်မှာ အမျိုးမျိုးသော ပြောင်းလဲမှုတွေ ခံစားရနိုင်ပါတယ်။ အခုတစ်ခေါက်မှာတော့ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်တွေမှာ ဖြစ်လေ့ရှိသလို သွေးဆုံးချိန်မှာလည်း ခံစားရနိုင်တဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လိုလေးတွေ ဖြေရှင်းလို့ ရမလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။
သွေးဆုံးချိန်မှာ ဝမ်းချုပ်တာ အဖြစ်များသလား!
သွေးဆုံးချိန်မှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ အပေါ်မှာ ပြောခဲ့သလို ကိုယ်တွင်း ဇီဝကမ္မ ဖြစ်စဉ်တွေ ပြောင်းလဲတာ၊ ဟော်မုန်းတွေ ပြောင်းလဲတာကြောင့် သွေးဆုံးချိန်မှာ ဝမ်းချုပ်တာက အဖြစ်များပါတယ်။ သွေးဆုံးချိန်မှာ ကိုယ်တွင်းက အီစထရိုဂျင်ဟော်မုန်း ပမာဏ ပြောင်းလဲတာက အူမကြီး ကြွက်သားတွေရဲ့ လှုပ်ရှားမှုအပေါ် သက်ရောက်စေပြီး ဝမ်းချုပ်တာကို ဖြစ်စေတာပါ။
သွေးဆုံးချိန်မှာ ဝမ်းချုပ်တာက ဟော်မုန်း ပြောင်းလဲတာကြောင့် ဖြစ်နိုင်သလို အခုလို အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို အခြေအနေတွေလည်း ဆိုတော့ ဆေးလိပ်သောက်တာ၊ အရက်အလွန်အကျွံ သောက်တာ၊ စိတ်ဖိစီးတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ ရှိတာ၊ အမျှင်ဓာတ် စားသုံးမှု နည်းတာ၊ အချို့သော ဆေးဝါးတွေကြောင့်လည်း သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။
သွေးဆုံးချိန် ဝမ်းချုပ်တာကို သက်သာစေဖို့ ဘယ်လို ဖြေရှင်းမလဲ?
သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် -
ရေလုံလောက်အောင် သောက်ပါ - ရေသောက်နည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်သလို အစာခြေစနစ် ကျန်းမာရေးကိုလည်း ထိခိုက်စေပြီး ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ ရေလုံလောက်အောင် သောက်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ - ကိုယ်လက်လှုပ်ရှားမှု လုပ်တာက သွေးဆုံးချိန် ဝမ်းချုပ်တာကို သက်သစေသလို သွေးဆုံးချိန် ကြွက်သားဆုံးရှုံးတာနဲ့ အရိုးသိပ်သည်းဆ ကျဆင်းတာကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ထိုက်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပါ။
အမျှင်ဓာတ် ကြွယ်ဝအောင် စားပါ - အမျှင်ဓာတ် ကြွယ်ဝမှုက ဝမ်းချုပ်မှု ကင်းစေဖို့ ထောက်ကူပေးသလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဆန်လုံးညို၊ အုတ်ဂျုံ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ အခွံမာသီးတွေ ပါဝင်အောင် စားသုံးပါ။
စိတ်ဖိစီးမှု ကင်းအောင် နေပါ - စိတ်ဖိစီးမှု များတာကလည်း ဝမ်းချုပ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့ဆိုရင် စိတ်ဖိစီးမှု ကင်းအောင် နေပါ။ သီချင်းနားထောင်တာ၊ အပင်စိုက်တာမျိုးလေးတွေ လုပ်ဆောင်ပေးပါ။
ဆေးဝါးတွေကို ဆန်းစစ်ပါ - အချို့သော ဆေးဝါးတွေက သွေးဆုံးချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေနိုင်သလို သွေးဆုံးချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို ပိုပြင်းထန်စေနိုင်ပါတယ်။ ဒါကြောင့် သွေးဆုံးချိန်မှာ ဘယ်ဆေးဝါးတွေကို ရပ်ရမလဲ ဘယ်ဆေးဝါးတွေကို ဆက်သောက်ရမလဲဆိုတာကို ဆရာဝန်နဲ့ သေချာ တိုင်ပင်ပေးပါ။
ဒီနည်းလမ်းလေးတွေကို ဂရုစိုက် လုပ်ဆောင်ပြီး သွေးဆုံးချိန် ဝမ်းချုပ်တာကို ဖြေရှင်းလိုက်ပါ။
မွန်မွန်